ငပလီဆောင်းဦးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲ အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ်ရဲ့ အဓိကခရီးစဉ်တစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အေးချမ်းသာယာစွာ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်း အသိပေးနှိုးဆော်သည့်အနေဖြင့် ကျင်းပပြုလုပ်မည့် ငပလီဆောင်းဦးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် ဆောင်းဦးပွဲတော်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်ကိုက်ညီစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ကော်မတီများကလည်း မိမိတို့ကော်မတီအလိုက် တာဝန်ပေးထားသည့်လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်ကြရန်နှင့် လျာထားအသုံးစရိတ်များကို အချိန်မီတွက်ချက်တင်ပြကြရန် ပြောကြားခဲ့သည်။ 

အဆိုပါ ဆောင်းဦးပွဲတော်ငပလီကမ်းခြေ (Public Area)တွင် ကျင်းပပြုလုပ်နိုင်ရေးနှင့်  ပွဲတော်အတွင်း သဲသောင်ပြင် အားကစားပြိုင်ပွဲများ၊ သဲပန်းချီပြပွဲ၊ စက်ဘီးစီးပွဲ၊ လွန်ဆွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ညဈေးတန်း၊ ဈေးရောင်းပွဲတော်၊ တိုင်းရင်းသား ရိုးရာအစားအစာအရောင်းဆိုင်များ၊ MSME အရောင်းဆိုင်ခန်းများ၊ စတိတ်ရှိုးနှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယဉ်မှုပြိုင်ပွဲများဖြင့် နိုဝင်ဘာလအတွင်း ၁၀ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရှိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)