မရမ်းကုန်း အောက်တိုဘာ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းများ ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ လေ့ကျင့်ရေးဌာနစု (ရန်ကုန်)တွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရှာဖွေကယ်ဆယ်ရေးသင်တန်းသား (၅၀)ဦးဖြင့် ဩဂုတ်လ ၇ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ရက်သတ္တ ၁၂ ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး ထိုသင်တန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ငလျင်အပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လျှင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် ထိုသင်တန်းမှသင်တန်းဆင်း သင်တန်းသားများက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)