မိုးညှင်းမြို့ဌာနဆိုင်ရာဝန်ထမ်းများမှ ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးနှင့် မြသိန်းတန်ဘုရားတို့တွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၀၀၀၀)စီ ထွန်းညှိပူဇော်သွားမည်

မိုးညှင်း အောက်တိုဘာ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရှိ အထင်ကရဘုရားများဖြစ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးနှင့် မြသိန်းတန်ဘုရားတို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၀၀၀၀)စီ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လပြည့်ညတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီလွင်ဦးဆောင်သည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုဝင်များက မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ကချင်ပြည်နယ်တွင် အကြီးဆုံးဖြစ်သည့် ရွှေသာလျောင်းဘုရားကြီးတွင် ဆီမီး(၁၀၀၀၀)နှင့် မြို့မရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးဝင်းတို့တွင် ဆီမီး (၁၀၀၀၀) စုစုပေါင်း ဆီမီး(၂၀၀၀၀)ကို တန်ဆောင်းတော်အတွင်းနှင့် တန်ဆောင်းတော်ရှေ့ရင်ပြင်တော်တို့၌ ဆီမီးထွန်းညှိ ပူဇော်ကြမည်ဖြစ်ပြီး ဘုရားသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများကို စတုဒီသာအဖြစ် အအေးများ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဘုရားသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများကလည်း ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြခြင်းတို့ဖြင့် နှစ်စဉ်ပြုလုပ်ကြလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း