မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ

မန္တလေး အောက်တိုဘာ ၂၈

မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀×၁၂လမ်းကြား၊ ၆၂×၆၆ လမ်းကြားရှိ အဆိုပါဘုရား မုဒ်ဦးရှိတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ဥပဒေချုပ်ဦးမြင့်အောင်၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကုသိုလ်‌တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌဦးစိန်မြင့်၊ အတွင်းရေးမှူး ဦးတင်သန်းနှင့်အဖွဲ့ဝင်များ မန္တလေးတောင်ဂေါပကအဖွဲ့၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားအား ဖူးမျှော်ကြည်ညိုကြကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို နမောတဿ(သုံး)ကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းတို့က (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဋ္ဌတု(သုံး)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)