ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

သန်လျင် အောက်တိုဘာ ၂၁


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အဆင်ပြေ ချောမွေ့ စွာ မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ရုံး ရှင်စောပုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်က မကြာမီ ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များက မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများ ဖွင့်လှစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ရေး၊ ကြိုတင်ဆန္ဒမဲပေးမည့်ရက်များတွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေး၊ မဲပေးသည့်ရက်တွင် မဲပေးမှုအခြေ အနေများအား ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေးနှင့် ကြိုတင်ဆန္ဒမဲပေးသည့် ကာလတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် အပြည့်အဝ ရရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးမင်းက ရွေးကောက်ပွဲတွင် ခရိုင် အဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရေး၊ ကြိုတင်ဆန္ဒမဲနှင့် ကိုယ်တိုင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးကြရန် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြသည်။ ရန်ကုန်တောင်ပိုင်းခရိုင်တွင် အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူ့လွှတ်တော်(၁၀)နေရာ၊ တိုင်းဒေသကြီး(၁)နှင့်(၂)တို့အတွက် နေရာ(၂၀)၊ ရခိုင်နှင့် ကရင်တို့မှ (၁)နေရာစီ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းဝင်း(သန်လျင်)