မိုးညှင်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုးညှင်း    အောက်တိုဘာ   ၂၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ခ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော ညောင်ပင်သာ ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံက် (၁၀)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ တာဝန်ခံအင်ဂျင်နီယာ ဦးသက်တင်ဦးတို့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြစိမ်းရောင်‌ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀)ရာခိုင်နှုန်းဖြင့် ငွေကျပ်သိန်း(၁၈၀)နှင့် ပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် သိန်း (၂၀) စုစုပေါင်းငွေကျပ် သိန်း(၂၀၀)ဖြင့် ဆောင်ရွက်သည့် အလျားပေ (၄၀)၊ အနံပေ(၂၀)နှင့် အမြင့်(၁၂)ပေရှိ အုတ်ရိုးစီ၊ သစ်သားတိုင်ထောင်နှင့် နံကပ်အမျိုးအစားဖြစ်ပြီး အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းကို ညောင်ပင်သာကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့မှ အ‌ကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ကွင်းဆင်းဆောင်ရွက်သည့် ခရိုင်/မြို့နယ် တာဝန်ရှိသူများက ၎င်းကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အဆောက်အဦ ပြီးစီးသွားပါက ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် လိုကြောင်းနှင့် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြည့်မီကိုက်ညီအောင် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့အတွက် အသီးသီးဆွေးနွေး ပြောကြားခဲ့ကြကြောင်း၊ အဆိုပါ ကျေးရွာတွင် အိမ်ခြေ (၆၅)အိမ်နှင့် လူဦးရေ (၄၅၅)ဦးရှိကြောင်း သိရသည်။

ရွှေမိုးညှင်း