ကော့မှူးတွင် မဲလက်မှတ်များ စိစစ်ခြင်းနှင့် လုံခြုံရေးအတွက် ညှိနှိုင်းဆွေးနွေး

ကော့မှူး အောက်တိုဘာ ၂၁


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်များ လက်ခံစိစစ်ခြင်းနှင့် လုံခြုံရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်အောင် တို့က မဲလက်မှတ်စိစစ်လက်ခံခြင်းနှင့် လုံခြုံ ရေးဆောင်ရွက်မှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းလှိုင်က မဲရုံများ လုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားမှုနှင့် ရွေးကောက်ပွဲလုံခြုံရေးစီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ကော့မှူးမြို့နယ်တွင် မဲရုံစုစုပေါင်း(၁၆၁)ရုံရှိပြီး မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်း ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ကျော်သူရ (ပြန်/ဆက်)