မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “ချမ်းမြေ့လှပ မိသားစုဘဝနှင့်အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မြစ်သား အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club) အသင်းတို့ပူးပေါင်းပြီး စာရေးဆရာရှင်သန့်ချိုရေးသားသော “ချမ်းမြေ့လှပမိသားစုဘဝနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြစ်သားမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကိုသိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် မိသားစုဘဝများ အနေဖြင့် ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ငါးဆူကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းက “ထွန်းညှိပူဇော်သီတင်းကျွတ်မီးရောင်စုံပွဲတော်” စသည့်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အိအိမွန်က “မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့်ပြောင်းလဲလာသော ခေတ်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အသင်း ဦးအောင်နေဆန်းက “ရသမျိုးစုံသင်းထုံ နေသည့်တပေါင်းလပုံရိပ်များ” ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာပေ ဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ (Book Club)၊ ဝါသနာတူလူငယ်များ အသင်း၊ ဝါသနာတူလူငယ်များအသင်း (Youth Club) နှင့် ငါးဆူကျောင်းအုပ်ဆရာကြီး၊ ရွှေကြာအင်းကျောင်းအုပ်ဆရာကြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များ တက်ရောက်ကြပြီး သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းအပြီးတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကိုစိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)