ဖျာပုံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ

ဖျာပုံ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ဖျာပုံမြို့နယ် မီးသတ် ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ​ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ငွေမင်းထိုက် က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းဆင်းပြီး ကိုယ့်နေရပ်ကို ပြန်ရောက်ပါက မီးသတိပြုရေး၊ မီးဘေးကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု အားကိုးအားထားပြုရတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်အောင် အလေးအနက်ထား ကြိုးစားဖို့လိုကြောင်း၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များ၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသောတာဝန် များကို အရန်တပ်ဖွဲ့ဝင်များအနေဖြင့် လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ မျက်မှောက်ကာလ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဥ်များ ကြောင့် ငလျင်ဘေးအန္တရာယ်အပါအဝင်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား ပေါ်ပေါက်လာပါက သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ မီးသတ်တပ်ဖွဲ့ဝင်များပီပီ စိတ်ကောင်းစေတနာကောင်းထားပြီး အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာခဲ့လျှင် ပြည်သူ လူထုအတွက် အသက်ကို စွန့်လွှတ်ရဲတဲ့ မီးသတ်တပ်ဖွဲ့ဝင်ကောင်းတွေ ဖြစ်အောင် ကျင့်ကြံနေထိုင်သွားရန်၊ နိုင်ငံ့တာဝန်များ၊ တပ်ဖွဲ့တာဝန် များကို ကျရာအခန်း ကဏ္ဍကနေ အကောင်းဆုံးတာဝန် ထမ်းဆောင်စေလိုကြောင်း" ပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဝင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း တွင် ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆင်းလက်မှတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ကြရာ သင်တန်းထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ များက လက်ခံရယူ ကြသည်။ ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅၀)ဦးအား အဖွဲ့(၂)ဖွဲ့ ခွဲ၍ မြို့နယ်မီးသတ် ဦးစီးမှူးရုံးနှင့် ဘုန်း​ကြီးသောင်ကျေးရွာတို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)