ညောင်ဦး အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားလျက်ရှိရာ သမိုင်းအထင်ကရ ဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် အောက်တိုဘာ ၂၅ ရက်နေ့မှစတင်ကာ စည်ကားများပြားလျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သာမန်ရက်များတွင်ပင် ဘုရားဖူး၊ လေ့ လာရေးလာရောက်သူ များပြားလျက်ရှိရာ သီတင်းကျွတ် ကျောင်းပိတ်ရက်များတွင် နေ့ချင်းပြန်ဘုရားဖူးဧည့်သည်များ၊ နှစ်ည သုံးညအိပ်မိသားစုဘုရားဖူးများ၊ မိတ်ဆွေအပေါင်းများဖြင့် လာရောက်သည့် ဘုရားဖူးဧည့်သည်များဖြင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့်စည်းကားလျက်ရှိကြောင်းသိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သမိုင်းအထင်ကရဘုရားများ၊ နံရံဆေးရေးပန်းချီများပြားစွာကျန်ရှိနေသေးသည့် ဘုရားများ၊ ရှုခင်းအလှဓာတ်ပုံရိုက်လို့ကောင်းသည့် ဘုရားများတွင် ဘုရားဖူးလေ့လာရေး လာရေးလာရောက်သူ များစွာဝင်ရောက်လျက်ရှိကြောင်းသိရသည်။
ပုဂံဒေသ၏ သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘု ရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ပြဿာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ပြဿာဒ်ကြီးဘုရားနှင့် သဗ္ဗညုဘုရားကြီးတို့တွင် ကားများ၊ မီနီအိုဝေများ၊ e-Bike များ၊ မြင်းလှည်းရပ်သည့်ကွင်းများတွင် ပြည့်နေသည်အထိ ဘုရားဖူးများ များပြားလျက်ရှိနေပြီး ဝိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ်ကျောင်း၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ်ကျောင်းတိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင်ဘုရားတို့တွင်လည်း ခရီးသွားဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရကာ ညောင်ဦးမြို့အတွင်း ရောင်းချလျှက်ရှိသည့် ထမင်းဆိုင်များ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ လက်အလှပန်းချီဆွဲသူများ၊ မြင်းလှည်း၊ e-Bike ၊ မီနီအိုးဝေ၊ ကားအငှားလိုက်သူများ တစ်နေကုန်လိုက်နေရခြင်းကြောင့် အလုပ်အကိုင်များကောင်း ကာဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင်လည်း တည်းခိုသူများဖြင့်ပြည့်လျက်ရှိကြောင်းသိရသည်။
ဒီပါလင်း