မိတ္ထီလာ အောက်တိုဘာ ၂၇
မိတ္ထီလာမြို့နယ် ရွှေစစ်သည်ကျေးရွာလမ်းနှင့် သဲတောလေးကျေးရွာအနီးတွင် ဒေသခံတစ်ဦး စိုက်ပျိုးထားရှိသော ငရုတ်မျိုးကောင်းမျိုးသန့်များ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး စတင်ခူးဆွတ်လျက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးထားတဲ့ ငရုတ်မျိုးကောင်းမျိုးသန့်ကတော့ Sugata 692 မျိုးဖြစ်ပါတယ်။ ဧက ၄ ဧကခွဲကျော် ကျော် ၅ ဧကနီးပါး စိုက်ပျိုးထားရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ အတွင်းက စတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး စတင်ခူးဆွတ်တော့ ရက်သတ္တပတ် တစ်ပတ်ကျော်ရှိပါပြီ။ လာမယ့်ဧပြီလအထိ သီးနှံထွက်ရှိအောင် သီးနှံပင်တွေကို ဂရုတစိုက်အစာကျွေး ပြုစုပေးသွားမှာဖြစ်ပြီး စုစုပေါင်း ပိဿာချိန် နှစ်သောင်းကျော်ထွက်ရှိဖို့အထိ မျှော်မှန်းထားပါတယ်။ အခုလို ငရုတ်မျိုးကောင်းမျိုးသန့် ၅ ဧက နီးပါးကို စိုက်ပျိုးတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့အစားအသောက်ကုန်ထုတ်လုပ်ငန်းဖြစ်တဲ့ ဝေဖြိုးအောင် အာလူးကြော်လုပ်ငန်းမှာ FDA သတ်မှတ်ချက်များနဲ့အညီ စားသောက်ကုန် ကုန်ကြမ်းပစ္စည်းကိုပဲ ထည့်သွင်းအသုံးပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးထားရှိတာဖြစ်ပါတယ်” ဟု အဆိုပါ ငရုတ်စိုက်ခင်းပိုင်ရှင် ဦးအောင်ထွန်းလင်းက ပြောသည်။
မိတ္ထီလာမြို့နယ်တွင်းရှိ ကျေးရွာဒေသများတွင်လည်း အလားတူ မျိုးကောင်းမျိုးသန့်ငရုတ်များကို ဒေသခံတောင်သူများက စိုက်ပျိုးထားရှိပြီး အဆိုပါသီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိ ကြောင်းသိရသည်။
ချမ်းသာ