အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

သင်္ဃန်းကျွန်း  အောက်တိုဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးညီဆွေက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်လေးရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စည်းကမ်းကောင်းမွန်ပြီး  စွမ်းရည်ပြည့်ဝစွာပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြိုင်အုန်းမှ အရန်မီးသတ်တူညီဝတ်စုံများပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးသီဟဇော်က သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ သင်တန်းသား(၅၀)ဦးဖြင့် အခြေခံမီးသတ်ပညာ၊ အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်းဘာသာရပ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)