ရန်ကုန် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ကွပ်ကဲမှုဖြင့်တည်ဆောက်မည့် ဒဂုံမြို့နယ်ဦးဝိစာရလမ်း၊ ရွှေတိဂုံစေတီတော်(အနောက်ဘက်မုဒ်နှင့်ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခြင်း အဆောက်အဦရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပခဲ့သည်။
ပထမပိုင်းအစီစဉ်တွင် သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တသီရိန္ဒဒဂုံမြို့နယ်အလံပြကျောင်းဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံမှ ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်း၊ ရေစက်ချတရားနာယူခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များက မြေအောက်လမ်းကူးလူသွားဥမင်(Underpass)တည်ဆောက်ရာတွင် အသုံးပြုမည့် ရတနာပန္နက်တော်များကို ပရိတ်ရည်များပတ်ဖြန်းအခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆိုပြီးပထမပိုင်းအစီစဉ်ကိုရပ်နားခဲ့သည်။
ဆက်လက်ပြီးအခမ်းအနားအစီစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ရခြင်းအကြောင်းကို ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးတို့က ရတနာပန္နက်တော်များအား မင်္ဂလာအချိန်၌ တစ်ချိန်တည်း တစ်ပြိုင်တည်းစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်(Underpass)တည်ဆောက်ရခြင်းမှာ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် သက်သောင့်သက်သာဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခုထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် ဥမင်လူသွားလမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက် ၄ ခု၊ ရွေ့လျားစက်လှေကား ၄ စင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓါတ်လှေကား ၁၀ ယောက်စီး ၂ စင်းနှင့် စီမံကိန်းကာလမှာ ၁၄ လ ခန့်ကြာမြှင့်မည် ဖြစ်ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)