သထုံမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့်တောင်သူများထံ မျိုးစေ့များဖြန့်ဖြူးပေး

သထုံ အောက်တိုဘာ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာစိုက်ပျိုးကြမည့်တောင်သူများထံ မျိုးစေ့များဖြန့်ဖြူးပေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က သထုံမြို့နယ်အတွင်း စားသုံးဆီဖူလုံရေးဆီထွက်သီးနှံနေကြာ တိုးမြှင့်စိုက်ပျိုးနေမှုအခြေအနေများနှင့် နေကြာစိုက်တောင်သူများအတွက် စိုက်နည်းပညာရပ်များနှင့် ‌ကူညီထောက်ပံ့နေမှုတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာစိုက်ပျိုးကြမည့် တောင်သူများထံ ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များကို ဖြန့်ဖြူးပေးရာ ကျေးရွာအလိုက် ကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြသည်။

သထုံမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ‌ နေကြာဧကပေါင်း ၁၀၀၀ စိုက်ပျိုးနိုင်ရန်လျာပြီး အဆိုပါအခမ်းအနား၌ တစ်ဧကလျှင် မျိုးစေ့တစ်အိတ်နှုန်းဖြင့် ဧကပေါင်း ၅၀၀ အတွက် ဖြန့်ဖြူးပေးခဲ့ကြောင်း ကျန်ရှိသည့် ဧက ၅၀၀ ကိုလည်း ထပ်မံဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်