မန္တလေး၊ အောက်တိုဘာ ၂၁
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ ဒဒ-၂ မြေကွက်ပေါ်တွင် အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် အောင်တံခွန်ဈေးသစ်အား အောက်တိုဘာ ၂၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါဈေးတွင် ရောင်းချမည့် ဈေးသည်များကို အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက မဲစနစ်ဖြင့် စနစ်တကျ နေရာချထား ဆောင်ရွက်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အောင်တံခွန်ဈေးတွင် ဆိုင်ခန်း ၆၄ ခန်းပါ ဈေးရုံ ၄ ရုံ ဆောက်လုပ်ထားပြီး A ရုံတွင် ကုန်ခြောက်နှင့် အစားအသောက်၊ B ရုံတွင် ကုန်စိမ်း၊ C ရုံမှာ အထည်၊ လူသုံးကုန်၊ ကုန်ခြောက်၊ D ရုံတွင် သားငါးနှင့် ကုန်စိမ်းဆိုင်များ နေရာချ ထားကြောင်း၊ စက်မှုပန်းခြံလမ်းဘေး ကျော်ကျော်အောင် ကြိမ်စက်ရုံအနီးတွင် ပျံကျရောင်းချနေသူ ဈေးသည် ၂၅၀ခန့် ကို စနစ်တကျ နေရာချထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးအား စက်မှုပန်းခြံလမ်းဘေး၊ကျော်ကျော်အောင်ကြိမ်စက်အနီးတွင် ပျံကျရောင်းချသည့် ဈေးသည်များအား အမိုးအကာအောက်တွင်သန့်ရှင်းသပ်ရပ်စွာ ရောင်းချနိုင်ရေးအတွက် အောင်တံခွန်ဈေးသစ်ကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အောင်တံခွန်ဈေးသစ်ကို ၄ ဒသမ ၃၇ ဧက ရှိသည့် မြေကွက်တွင် ကွန်ကရစ်ဈေးခုံ၊ steel structure အဆောက်အဦ၊ သန့်စင်ခန်း၊ ဈေးရုံခန်းများကို တန်ဖိုးငွေကျပ် (၂၁၈၄) သိန်းကျော် အကုန်အကျခံပြီး စနစ်တကျဆောက်လုပ်ထားဖြစ်ခြင်းဖြစ်ပြီး အောင်တံခွန်ဈေးဖွင့်ပွဲကို အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)