နမ္မတူ အောက်တိုဘာ ၂၁
နမ္မတူမြို့နယ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို (HPV)ရောဂါပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ နားနေဆောင် ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်သူထက်က သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှုအခြေအနေများ၊ ကမ္ဘာတစ်ဝန်းလုံး အသက်အလိုက်တွက်ချက်ထားသော သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားနှုန်းများ၊ HPV ပိုးကူးစက်ပျံနှံ့ခြင်း၊ HPV ပိုးကူးစက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၊ အိတ်ချ်ပီပိုးနှင့် ကင်ဆာများဆက်စပ်ပုံ၊ သာအိမ်ခေါင်းကင်ဆာ အထိဆက်လက်ဖြစ်ပေါ်လာပုံ၊ သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲ ပြဿနာများ၊ သာအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်း၊ HPV ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
နမ္မတူမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား အသက် (၉)နှစ်မှ (၁၀)နှစ် အတွင်းရှိ မိန်းကလေးငယ် (၄၆၀)ဦးခန့်အား ပထမအကြိမ်အဖြစ် အောက်တိုဘာလ (၂၀) ရက်နေ့မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် အောက်တိုဘာလအတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ပြီး နောက် (၁၂)လ အတွင်း ဒုတိယအကြိမ်ထိုးနှံခြင်း ပေါင်း (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကာ ထိုးနှံပြီးပါက သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုအား ထိရောက် စွာ ကာကွယ်ပေးနိုင်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)