နမ့်ခမ်းမြို့နယ်အတွင်းရှိ စပါးတောင်သူများ၏ ယခုနှစ်မိုးစပါးများ စတင်ရိတ်သိမ်းနိုင်သော်လည်း မိုးများရွာသွန်းနေမှုကြောင့် ရိတ်သိမ်းခြင်းများ ရပ်နားထားနေရ

နမ့်ခမ်း အောက်တိုဘာ ၂၆

မြန်မာနိုင်ငံ၏ အနောက်တောင်အရပ် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် ဟမွန်း ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်သက်ရောက်မှုနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာအစိပ်စိပ်၌ မိုးရွာသွန်းနေမှုကြောင့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ စပါးတောင်သူများ၏ ၂၀၂၃-ခုနှစ် မိုးစပါးများ စတင်ရိတ်သိမ်းနိုင်ပြီဖြစ်သော်လည်း မိုးရွာသွန်းနေမှုကြောင့် ရိတ်သိမ်းခြင်းလုပ်ငန်းများ ရပ်နားထား​ရကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်သည် အအေးပိုင်းဇုံနှင့် နီးကပ်သည့် ဒေသဖြစ်သဖြင့် စပါးတောင်သူများက စပါးများကို စောလျင်စွာ စိုက်ပျိုးလေ့ရှိကြရာ ယခုနှစ်မိုးစပါးများသည်လည်း အောက်တိုဘာလ တတိယပတ်တွင် တောင်သူတချို့ မိုးစပါးများ စတင်ရိတ်သိမ်းခြင်းများ ဆောင်ရွက်နေလျက်ရှိသည်။ မြို့နယ်အတွင်းမှ မြေပြန့်လွင်ပြင်ရှိ စပါးများကို ရိတ်သိမ်းချွေလှေ့စက်ဖြင့် စပါးလေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းခြင်း ဆောင်ရွက်နိုင်ခဲ့ပြီး လှေကားထစ်လယ်များမှာ လက်ဖြင့် ရိတ်သိမ်းခြင်းသာ ဆောင်ရွက်နေရသဖြင့် တောင်သူတချို့ စပါးရိတ်ထားပြီး တစ်ဝက်တစ်ပျက်ဖြင့် မိုးရွာသွန်းနေမှုကြောင့် ရိတ်သိမ်းခြင်းလုပ်ငန်းများ ရပ်နားထားခဲ့ရကာ စပါးလေလွင့်ဆုံးရှုံးမှု အနည်းငယ်ရှိနိုင်ပါသည်။

ထိုသို့ စပါးများမောင်ညိုချိန်တွင် မိုးများ ရက်ကြာကြာဖြင့် ရွာသွန်းနေလျှင် စပါးစေ့မှ မှိုစိမ်းစိမ်းလေးတို့ ဖြစ်ပွားလာခြင်း၊ ရိတ်သိမ်းချိန်ကျော်လွန်၍ စပါးစေ့ချွေလွယ်ခြင်းတို့ ဖြစ်ပွားနိုင်ကာ လေလွင့်မှုများဖြစ်စေပြီး စပါးအထွက် လျော့နည်းထိခိုက်မှုရှိနိုင်ကြောင်း၊ စပါးတောင်သူများသည်အချိန်နှင့် လုပ်အားများကို ရင်းနှီးထားပြီး ရိတ်သိမ်းချိန်တွင် ရာသီဥတုကြောင့် မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်ပေါ်ရလေအောင် မိုးဇလဌာနမှ ထုတ်ပြန်သည့် ရာသီဥတုအခြေအနေနှင့်လည်း ချင့်ချိန်ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်းဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)