ငါ့သရောက်၊ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်တိုက်နယ် ကျန်းမာရေးဌာနက ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းတွင် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီးငယ်များအား HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထည့်သွင်း၍ ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက တိုက်နယ်ကျန်းမာရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့၌ ပြည်သူ့ကျန်းမာရေးဌာန (ခွဲ) ၄ ခု၊ ပြင်ပဌာန (၁) ခု စုစုပေါင်းကျေးလက် ကျန်းမာရေးဌာန(ခွဲ) ၅ ခုရှိ ကျန်းမာရေးဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာ (၁၇) ရွာတို့မှ အသက် (၉)နှစ်မှ (၁၀)နှစ်ကြားရှိ အမျိုးသမီးကလေးငယ်စုစုပေါင်း ၃၄၉ ယောက်အား HPV လေးမျိုးစပ်သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးများကို အောက်တိုဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ထိုးနှံပေးလျက်ရှိကြောင်း၊ ငါ့သရောက်တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေး ကြီးကြပ်-၁ ဒေါ်ရီရီခိုင်ထံမှ သိရသည်။
အဆိုပါ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)