တံတားဦး အောက်တိုဘာ ၂၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံ သံဃာ့ဆေးကုသဆောင်၌ ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦးသည် ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်(၁၀)နာရီက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ဦးထံမှ သိရသည် ။
ဆေးရုံဆင်းခွင့်ရသူများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်က ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ရာတွင် ရောဂါလက္ခဏာများ ပျောက်ကင်းနေပြီဖြစ် သော်လည်း မိမိမှတစ်ဆင့် တစ်ခြားသူများကို ရောဂါကူးစက်မှု မရှိစေရန် မိမိနေအိမ်တွင်သာ(၇)ရက်တိတိ ဆက်လက်အနားယူ နေထိုင်ရမည်ဖြစ်ကြောင်း ၊ မိမိနေအိမ် သို့မဟုတ် နေအိမ်ခြံဝင်းပြင်ပသို့ မသွားရောက်ရန် နေအိမ်ရောက်သည့်အခါ မိသားစုများနှင့် (၆)ပေကွာနေထိုင်ရန်လိုကြောင်း ၊ ဆေးရုံဆင်းပြီး တစ်ပတ်အကြာ သက်ဆိုင်ရာကျန်းမာရေးဌာနမှ ညွှန်ကြားထားသည့်အတိုင်း ပြန်လည်ပြသရန် လိုကြောင်းပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် တာဝန်ရှိသူများက အားပေးစကားပြောကြားခဲ့ကြောင်းသိရသည် ။
ထို့နောက်ဆေးရုံဆင်းခွင့်ရသူ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အမှတ်တရ လက်ဆောင်များနှင့် ပန်းစည်းများကို ကျန်းမာရေးဝန်ထမ်းများက ပေးအပ်ကြပြီး အနှိုင်းမဲ့ပါရမီ လူမှုကူညီရေး အသင်းမှ မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်းနှင့် တံတားဦးမြို့နယ်အနေဖြင့် ဆေးရုံဆင်းခွင့် ရရှိသူများမှာ ဇီးပင်ကွေ့ကျေးရွာမှ(၁)ဦး ၊ အမှတ်(၁)ရပ်ကွက် ၊ တောင်ရပ်မှ(၁)ဦးတို့ ဖြစ်ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)