လားရှိုး အောက်တိုဘာ ၂၆
လားရှိုးမြို့တွင် ဝါးလက်မှုအခြေခံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို Golden Hill Hotelတွင် အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပ သည်။
အခမ်းအနားတွင် လားရှိုးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက အဖွင့်အမှာစကားပြောကြားရာ ဝါးလက်မှုအခြေခံသင်တန်းကို ရှမ်းပြည်နယ်အစိုးရ၏ထောက်ပံ့မှုအရ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုးဦးစီးဌာနနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်းမြောက်ဇုန်) တို့မှ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းအတွက် ရေခံ၊မြေခံကောင်းများ တည်ရှိသောဒေသဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များမှာ ရိုးရာဓလေ့ထုံးစံများကို စိတ်ဝင်စားလာကြရာ ဝါးကိုအခြေခံသည့် ရိုးရာလက်မှုပစ္စည်းများကြောင့် ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၂၀၁၉ ခုနှစ်တွင် နောင်ချိုမြို့နယ်၊ ကျောက်တောကျေးရွာတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သဖြင့် ယခုဖွင့်လှစ်သောသင်တန်းသည် ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝါးလက်မှုပညာအခြေခံသင်တန်းသို့ လားရှိုးမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ၁၀ ဖွဲ့မှ သင်တန်းသား၊သင်တန်းသူ ၂၀ ဦးတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)