မော်လမြိုင် အောက်တိုဘာ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ငါးလွှတ်ပွဲနှင့် စုပေါင်းသွေးလှူဒါန်းခြင်းများကို ယနေ့နံနက်ပိုင်းက ဆိပ်ကမ်းသာတံတားနှင့် ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ ပြည်နယ်အစိုးရအဖွဲ့၀င်အတွင်းရေးမှူး မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူးဦးတိုးဝင်းနှင့် ဇနီးတို့ကဦးဆောင်ပြီး ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ ငါးလုပ်ငန်းစခန်း(သထုံ)မှ ငါးသားပေါက်(နှစ်လက်မခွဲ) ငါးမြစ်ချင်း ၁ သိန်း၂ သောင်းကို သံလွင်မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် စုပေါင်းလွှတ်ပေးခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ မွန်ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။
သွေးလှူဒါန်းရာတွင် ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြမည့် ဝန်ထမ်းများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်သွေးလိုအပ်နေသူများကို ဥပပါရမီအလှူဒါနဖြစ်သည့် သွေးလှူဒါန်းခြင်းသည် မွန်မြတ်လှကြောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံထမ်းဆောင်ပေးကြသည့် အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာဝန်ထမ်းများကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းကြသည့် ဝန်ထမ်းများအတွက် အားဆေးများ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
(၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၅၆)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်