ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကျိုက်မရောမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

ကျိုက်မရော   အောက်တိုဘာ  ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျိုက်မရောမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံဦးကိုကိုလွင်နှင့်  တွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံဦးကိုကိုလွင်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လ.ဝ.ကမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် မြို့နယ်အဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးပါတီများမှ ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်စာရင်းများမြေပြင်တွင်အမှန် တကယ်ရှိ/ မရှိ  စစ်ဆေးခြင်းနှင့် တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြဆွေးနွေးကြရန်မှာကြားခဲ့သည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ကျိုက်မရောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော(ပြန်/ဆက်)