ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာသိုင်းသင်တန်း(အခမဲ့)ဖွင့်လှစ်

ဘီးလင်း အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးနှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရေးအတွက် မြန်မာ့ရိုးရာသိုင်းသင်တန်းကို ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်း‌ရွှေက မြန်မာ့ရိုးရာသိုင်းသင်တန်းတက်ရောက်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှနည်းစနစ်မှူး ဒေါ်ဇူးဇူးလွင်က အ‌ခြေခံသိုင်းသရုပ်ပြကွက်(၆၃)ကွက်အနက်မှ ယနေ့နံနက်ပိုင်းတွင် သရုပ်ပြကွက်(၆)ကွက်အား သင်ကြားပြသပေးခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅  ရက်နေ့မှ ၂၈ ရက်နေ့အထိ(၄)ရက်ကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)