လွိုင်လင် အောက်တိုဘာ ၂၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မဲခေါင် - လန်ချားပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဆင်တောင်ကျေးရွာ၌ တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာယာယီမဏ္ဍပ်၌ကျင်းပပြုလုပ်သည်။
အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြးရာတွင် ယနေ့သည် လွိုင်လင်မြို့နယ်၊ ဆင်တောင်ကျေးရွာအတွက် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ အနေဖြင့် မဲခေါင် - လန်ချား ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ် ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၁၃၇၈၃)ရွာ ရှိကြောင်း ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာ ၊ ညောင်ရွှေမြို့နယ် ၊ ကုန်းခြံထက်ကျေးရွာ နှင့် လွိုင်လင်မြို့နယ်၊ ဆင်တောင်ကျေးရွာတို့မှာ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ကျေးရွာရေရှိရေးလုပ်ငန်းဖြစ်ပြီး အချိန်မရွေးသန့်ရှင်းသော သောက်သုံးရေရှိလာမည်ဖြစ်ကြောင်း၊ စိမ့်စမ်းရေများခန်းခြောက်မသွားရအောင် ကျေးရွာသားများအနေဖြင့် သစ်တောသစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ မီးရှို့ခြင်းများ မပြုလုပ်ကြရန်နှင့် စိမ့်စမ်းရေများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများတွင် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းတို့က စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ယင်းနောက် စီမံကိန်းလုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆင်တောင်ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၁၀) သိန်းကို ပြည်နယ်ဝန်ကြီးက ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ လက်ခံရယူပါသည်။ စီမံကိန်းဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ငွေကြိုးဆွဲ၍ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ဆင်တောင်ကျေးရွာမှ တိုင်းရင်းသားအကများဖြင့်ဖျော်ဖြေမှုကိုကြည့်ရှု့အားပေးပြီးဂုဏ်ပြုဆုငွေများပေးအပ်ပြီးနောက် ပြည်နယ်ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျေးရွာလိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ လွိုင်လင်မြို့နယ်၊ ဆင်တောင်ကျေးရွာတွင် အိမ်ခြေ (၆၇)အိမ် ၊ လူဦးရေ (၃၉၃)ဦးရှိကြောင်းနှင့် စီမံကိန်းလုပ်ငန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ရန်ပုံငွေ ထောက်ပံ့ပေးမှုနှင့် ရှမ်းပြည်နယ်အစိုးရတို့၏ ကူညီမှုတို့ဖြင့် ဆောင်ရွက်ပေးမည့်လုပ်ငန်းဖြစ်ကြောင်း ၊ အခမ်းအနားသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံစောလှိုင် နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ကျေးရွာသူ ကျေးရွာသားများတက်ရောက်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်