မြစ်ကြီးနားမြို့၌ အကူသူနာပြု သင်တန်းသား/သင်တန်းသူ (၆၅)ဦးအား အလုပ်ခန့်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၂၆

ကချင်ပြည်နယ် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အပတ်စဉ် (၃) အကူသူနာပြု (ပြင်ပ) ၉ လ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်က သင်တန်းသား/ သင်တန်းသူများအနေဖြင့် သူနာပြုအတတ်ပညာများ ကျွမ်းကျင်အောင် လေ့လာဆည်းပူးခြင်း၊ အကူသူနာပြုကျင့်ဝတ်များကို စောင့်ထိန်းခြင်း ဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သော သူနာပြုစုမှုအတတ်ပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို အရည်အသွေးပြည့်ဝစွာ စောင့်ရှောက်မှု ပေးနိုင်ရေး ကြိုးစားအားထုတ်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားပြီး အကူသူနာပြုသင်တန်းသား/သင်တန်းသူ (၆၅)ဦးအား အလုပ်ခန့်လွှာ များ ပေးအပ်ခဲ့သည်။

ထို့နောက် ထူးချွန်သင်တန်းသား/သင်တန်းသူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် သူနာပြုအုပ်ကြီး ဒေါ်ခင်မူမူအောင်တို့က ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ အပတ်စဉ်(၃) အကူ သူနာပြုသင်တန်းမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်က သင်တန်းသား/သူ များအား ဆုံးမစကားပြောကြားပြီး သင်တန်းသူများက အမှတ်တရသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါ အပတ်စဉ်(၃) အကူသူနာပြု သင်တန်းကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့ထိ ၉ လကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၆၅) ဦးတို့အား အခြေခံကျသော သူနာပြုစုမှုလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ပူတာအိုမြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် မိုးညှင်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများတွင် လည်း အကူသူနာပြု ၉ လ သင်တန်းများ ဖွင့်လှစ်ကာ သင်တန်းဆင်း သင်တန်းသား/သင်တန်းသူများအား အလုပ်ခန့်အပ်လွှာများ ပေးအပ်နိုင်ခဲ့ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)