ဥတ္တရသီရိ အောက်တိုဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် ခရိုင် Youth Club အဖွဲ့ဝင်များ ပူးပေါင်း ဖွင့်လှစ် သင်ကြားပေးသည့် သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် “အလှဖယောင်းတိုင် ပြုလုပ်နည်းသင်တန်း”ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် နည်းပြအဖြစ် ဥတ္တရခရိုင် Youth Club အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သီဟကျော်က ဖယောင်းအရည်ကျိုနည်း၊ ဖယောင်းအရည်များ မိုခွက်အတွင်း လောင်းထည့်နည်း၊ အရောင်ရောစပ်နည်း၊ မီးစာထည့်နည်းနှင့် အလှဖယောင်းတိုင် ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို တက်ရောက်လာသည့် သင်တန်းသား ၁၆ ဦးအား လက်တွေ့ သင်ကြား ပြသပေးခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်း ပြသထားသော သုတရသစာအုပ် စာစောင်များနှင့် နံရံကပ်စာစောင်များအား သင်တန်းသား၊ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)