နေပြည်တော် အောက်တိုဘာလ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့်သီလရှင်များအား အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင်ရောဂါနေ့အထိမ်းအမှတ် အသည်းရောင်/အသားဝါ ဘီပိုးရောဂါကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ မဟာဓမ္မိကာရာမအုန်းတောပရိယတ္တိစာသင်တိုက်၌ကျင်းပသည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိမထေရ်မြတ်အမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖောင်ဒေးရှင်း(မြန်မာ)မှ နာယကကြီး ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) အောင်သန်းထွဋ်နှင့်အလှူရှင် Ever Meter Co.,Ltd မှ ဦးမျိုးအောင်၊ အသည်းအထူးကု ပါရဂူဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ပါမောက္ခဒေါက်တာ ကျော်စိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိမထေရ်မြတ် ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)၏ နာယက ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) အောင်သန်းထွဋ် က ဖောင်ဒေးရှင်းနှင့် ပတ်သက်၍လည်းကောင်း၊ အသည်းအထူးကုပါရဂူ ပါမောက္ခဒေါက်တာကျော်စိုးထွန်းက အသည်းရောင်/အသားဝါ ရောဂါ ဘီပိုးကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းလျှောက်ထားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ကျေးဇူးတင်စကား အသီးသီးလျှောက်တင်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆရာတော်၊ သံဃာတော်များအား အသည်းရောင်/အသားဝါရောဂါဘီပိုးကာကွယ်ဆေးထိုးနှံနေမှု၊ ပျဉ်းမနားမြို့နယ်ခုတင်-၂၀၀ဆံ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့်သီလရှင်များအား မျက်စိ၊ ခွဲစိတ်၊ အထွေထွေရောဂါများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်း၊ တပ်မတော်ဆေးတပ်ဖွဲ့ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်း ၁၇၅ ကျောင်း၊ သီလရှင်ကျောင်း ၅ ကျောင်းတို့တွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော် ၁၁၀၀ ပါးနှင့် သီလရှင် ၁၉ ပါး၊ စုစုပေါင်း ၁၁၂၄ ပါးတို့အား အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသည်းရောင်/အသားဝါ ဘီပိုးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သုံးကြိမ်အပြည့်အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)