သပိတ်ကျင်းမြို့တွင် အမျိုးသမီးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

သပိတ်ကျင်း အောက်တိုဘာလ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ရှိ အမျိုးသမီးငယ်များအား (HPV) သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် စတင်ထိုးနှံခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သပိတ်ကျင်းမြို့၊ ကမ္ဘာအေးမြို့ကွက်သစ် မြို့နယ်ခန်းမတွင် ပြုလုပ်သည်။
အမျိုးသမီးငယ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ပွားစေရေးအတွက် ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ် (၁၃)ခုမြောက်အဖြစ် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ထည့် သွင်းပေးခဲ့သည်။ (၂၀၁၀)ခုနှစ် စက်တင်ဘာလမှ (၂၀၁၁)ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် အသက်(၉) နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များကို ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းဖြစ်ပြီး (၁၂)လအကြာ တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မိုးခိုင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီး ကော်မတီ၊ ကာကွယ်ဆေးထိုးမည့် မိန်းကလေးငယ် များနှင့် မိခင်များတက်ရောက်ကြပြီး တာဝန်ရှိသူများမှ တက်ရောက်လာ သည့် မိန်းကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ အမျိုးသမီးငယ်(၁၀)ဦးအား သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။
သပိတ်ကျင်းမြို့နယ်အတွင်း (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရန် ပထမအကြိမ် အမျိုးသမီးငယ် (၁၇၂၆)ဦး စာရင်းကောက်ယူထိုးနှံပေးသွားမည်ဖြစ်ပြီး သပိတ်ကျင်းမြို့၊  ရပ်ကွက်/ကျေးရွာ များရှိ (၉)နှစ်မှ(၁၀)နှစ် အထိ အမျိုးသမီးငယ်များအားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ((HPV) ကာကွယ်ဆေးများ ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)