မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ် တာဝန်ခံ)နှင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ

မော်လမြိုင် အောက်တိုဘာ ၂၅

မွန်ပြည်နယ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ နိုင်ငံရေးပါတီများမှ ပြည်နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ မွန်ပြည်နယ်အတွင်း ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်လာရေး တာဝန်ရှိသူများ အားလုံးပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)မှ လက်ရှိဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းချပြခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။  

ထိုနောက် မွန်ပြည်နယ်ရွေးကောက်ပွဲအရာရှိမှ မွန်ပြည်နယ်အတွင်း ပါတီဝင်အင်အား စာရင်းများစိစစ်ခြင်းနှင့် ပတ်သက်၍ တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက ပါတီဝင်များအနေဖြင့် မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံ့ဝန်ထမ်းပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်ပတ်သပ်၍ ရှင်းလင်းတင်ပြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဒုတိာညွှန်ကြားရေးမှူးက နိုင်ငံသားအမှတ် ကိုက်ညီမှု ရှိ/မရှိ၊ အသက်(၁၈)နှစ်မပြည့်သူပါဝင်မှု ရှိ/မရှိ၊ နိုင်ငံသားအဖြစ်ခံယူထားသူ မှန်/မမှန်တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသော နိုင်ငံရေးပါတီများမှ သက်ဆိုင်ရာပါတီများအလိုက် ပါတီဝင်အင်အား စာရင်းတွေ့ရှိချက်  ပြည်နယ်ချုပ်အပေါ် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)က တင်ပြချက်များအပေါ် အကြံပြုဖြည့်စွက်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်သွားကြရန် နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)