ဆီဆိုင် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁/၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်တည်ဆောက်ခဲ့သော လွယ်မွန်းကျေးရွာ (၂၄)နာရီ လျှပ်စစ်မီးဖွင့်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာတွင် ကျင်းပသည်။
လျှပ်စစ်မီးဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဝန်အားနှင့်ညီမျှသည့် ၃၃ ကေဗွီနှင့်အထက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံကြီးများကို ပြည်ထောင်စုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ပေးသွား မည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၁၁ ကေဗွီနှင့်အောက် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို နှစ်အလိုက် စီမံကိန်းများရေးဆွဲ၍ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ကျေးရွာများကိုပါ ရရှိအသုံးပြုလာနိုင်အောင် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ် ဒုတိယလျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက လျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြပြီး ဒေသခံရပ်မိရပ်ဖ ဦးခွန်သန်းအောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်ဒုတိယလျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏ၊ (PNO)အဖွဲ့ဒေသခေါင်းဆောင် ဦးခွန်သန်းထူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လျှပ်စစ်မီးခလုတ်အား ဖွင့်လှစ်ပေး၍ လွယ်မွန်းကျေးရွာအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာ၌ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၈၆.၀၀၀)ကျပ်သန်းဖြင့် (၄၀၀)ဗို့ဓါတ်အားလိုင်း (၂)မိုင် တိုးချဲ့တည်ဆောက်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်(၁၁၉.၁၄၉)ကျပ်သန်းဖြင့် 11 KV ဓာတ်အားလိုင်း(၁.၁)မိုင်၊ 11/0.4 KV ထရန်စဖော်မာ 200 KVA(၁)လုံးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင်းရှိ အိမ်ထောင်စု(၃၁၇)စု၊ လူဦးရေ(၁၄၃၇)ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)