ကျောက်တလုံးကြီး အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးကျေးရွာ၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး ပထမအကြိမ် စတင်ထည့်သွင်းထိုးနှံခြင်းကို ဆောင်းဖိုး ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက် (၁၀)နာရီခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာကြည်ကြည်ဟန် က (HPV) ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြင့် Human Papilloma Virus ဟုခေါ်သည့် (HPV) ပိုးကြောင့်ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာများကို ကာကွယ်ပေးနိုင် ကြောင်းနှင့် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် တိုင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြား ပြီး (၂) ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်ဆောင်းဖိုးကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်နှင်းပွင့်ဖြူနှင့် ဝန်ထမ်းများ က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး၊ အသက်(၉)နှစ်မှ (၁၀)အထိ အမျိုးသမီးငယ် (၈၉)ဦးကို (HPV) ကာကွယ်ဆေးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)