ပူတာအို အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ မုဒုံကျေးရွာ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးဆောင်ရွက်မည့် စီမံကိန်းတွင် ပါဝင်သည့် စက်ချုပ်နည်းပညာသင်တန်း ဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် ခရိုင်/မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများမှ လုပ်ငန်းထူထောင်လိုသူ သင်တန်းသူငါးဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း အပ်ချုပ်စက် များ၊ ဘီးတင်စက်များ၊ ကင်းချည်စက်များ၊ လျှပ်စစ်မီးပူများနှင့် သင်တန်းသူများအား သင်တန်းထွက်ကုန်ချော ပစ္စည်းများ၊ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူ ဒေါ်စွဲ့ပန်းရွှေက သင်တန်း ဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေး သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် ဘာသာရပ်(၁၀)မျိုးနှင့် မွမ်းမံစက်ချုပ်သင်တန်းတွင် ဘာသာရပ် (၆)မျိုးတို့ကို ပူတာအိုမြို့နယ် မုဒုံကျေးရွာမှ သင်တန်းသူ (၁၅)ဦးတို့အား သင်တန်းကာလ တစ်လခွဲကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦး စီးဌာနအနေဖြင့် သင်တန်းသူများမှ ထူးချွန်၍ လုပ်ငန်းထူထောင်လိုသူငါးဦးအား တစ်ဦးလျှင် ကျပ်(၁၀) သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကာ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များဖြစ်လာစေရန် လုပ်ငန်းထူထောင်ပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)