တွံတေးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချမည်

တွံတေး အောက်တိုဘာ ၂၁

၂၀၂၀ ပြည်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် ရွှေဆံတော်ရပ်ကွက်ရှိ အ.မ.က(မူလွန်)နှင့် ရန်ကြီးအောင်ကျေးရွာရှိ အ.ထ.က(ခွဲ) တပ်မတော်ကျောင်းတို့တွင် (၂)ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းသား၊ သင်တန်းသူ (၇၆၈)ဦး တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ရက် ကြာမြင့်မည်ဖြစ်ပြီး စာတွေ့၊ လက်တွေ့သရုပ်ပြသခြင်းများ ပါဝင်မှာဖြစ်ကြောင်း သိရှိရသည်။

သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များမှာ သင်ရိုး(၁)မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ မဲရုံအဖွဲ့ဝင်များ ခန့်အပ်ခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာ သတိပြုရန်အချက်များ၊ သင်ရိုး(၂) မဲရုံ တည်နေရာနှင့် မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်သောစာရွက်စာတမ်းနှင့်ပစ္စည်းများ စာရင်း၊ သင်ရိုး(၃) လိုအပ်သည့်ပုံစံများ၊ စစ်ဆေးရမည့် အချက်အလက်များ၊ မသန်စွမ်းသူများနှင့် အကူ အညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ သင်ရိုး (၄) မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက် များ၊ သင်ရိုး (၅) မဲရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ်ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရေ တွက်ခြင်း တိုက်ဆိုင်စစ်ဆေးမှုစာရင်း၊ သင်ရိုး (၆) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်ပြစ်ဒဏ်များကို သင်တန်းနည်းပြ ဆရာ၊ ဆရာမများမှ (၅) ရက်ခွဲ၍ သင်တန်းပို့ချကြမည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)