တူယှဉ်နွှဲပျော် ကျောက်ဆည်မြို့ရဲ့ဆင်လှူပွဲတော်

“ဆင်မြို့တော်” ဟုတင်စားခေါ်ဝေါ်သည့် ကျောက်ဆည်မြို့သည်  မြန်မာနိုင်ငံအထက်ပိုင်း   မန္တလေးမြို့ တောင်ဘက်   မိုင်(၃၀)ခန့်အကွာတွင်တည်ရှိပါသည်။ မြို့သူမြို့သားများကိုယ်စား   မြန်မာမှုမြန်မာ့ဟန် ဖြင့် ရုပ်လုံးဖော်ထားသော  ဆင်ဖြူတော်ကြီးနှစ်စီးသည်    အနယ်နယ်အရပ်ရပ်မှရောက်လာကြသည့် ရဟန်းရှင်၊ ပြည်သူပြည်သားအပေါင်းကို ယဉ်ကျေးသိမ်မွေ့နွေးထွေးချစ်ခင်စွာ မြို့အဝင်တွင်ကြိုဆို နှုတ်ခွန်းဆက် လျက်ရှိပေသည်။

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောဆင်အကအလှပြိုင်ပွဲကို   သီတင်းကျွတ်လဆန်း (၁၄)ရက်နှင့်လပြည့်နေ့တို့၌ ဆင်ပွဲတော်ကိုကျင်းပလေ့ရှိသည်။ ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲ ကို အနယ်နယ်အရပ်ရပ်မှပရိသတ်များနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များပါ လာရောက်ကြည့်ရှုကြရာ တစ်နေ့တည်း တစ်ချိန်တည်း တစ်နေရာတည်းတွင် ကျင်းပသောကြောင့် စည်းကားလှပေသည်။ ယခုနှစ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကို ၂၀၂၃ခုနှစ် အောက်တိုဘာလ(၂၈)ရက်၊ ၁၃၈၅ခုနှစ် သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် ယခင်နှစ်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ကျောက်ဆည်မြို့ဆင်လှူပွဲတော်သည် သက္ကရာဇ်၃၇၉ခုနှစ်တွင် နန်းတက်တော်မူခဲ့သော ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် သက္ကရာဇ်၃၉၅ခုနှစ်တွင် ကျောက်ဆည်ကိုးခရိုင်နယ်မြေတွင် ဆည်၊မြောင်း၊ ကန်ချောင်း တို့ကိုတည်ဆောက်ဆယ်ဖို့စဉ်ကာလဖြစ်သည်။ အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ဓာတုသေနမင်းထံမှပင့် ဆောင်တော်မူသော ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ကို အရှင်အရဟံဩဝါဒဖြင့် ဆင်မယဉ်သာ (ဆင်ဖြူတော်)ပေါ်တင်၍ အဓိဌာန်ပြုစေလွှတ်တော်မူရာ အရှေ့မျက်နှာအရပ်မြင်စိုင်းနယ်၊ ကျောက်ဆည်တည်ရာ သာလျောင်းတော်ထိပ်သို့တက်၏။ တောင်ထိပ်တွင် ခေတ္တလဲလျောင်းပြီးနောက် ချက်ချင်းဆင်းသွားကာ ခရွေတောင် ထိပ်သို့တက်၍ဝပ်လေ၏။ သာလျောင်းတောင်ထိပ်နှင့် ခရွေတောင်ထိပ်တို့တွင် တစ်ပြိုင်တည်း စေတီတစ်ဆူစီကို တည်တော်မူ၏။ သာလျောင်းတောင်ထိပ်တည်သောစေတီကို ရွှေသာလျောင်းစေတီဟုအမည်တွင်၏။

အနော်ရထာမင်းသည် သီတင်းကျွတ်လပြည့်နေ့၌ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် တပေါင်းလ၌ပွဲတော် ကျင်းပရန်ကလန်၊သံပျင်တို့ကိုဆင့်ဆိုမှာကြားတော်မူခဲ့၏။စွယ်တော်တင်သောဆင်မယဉ်သာ(ဆင်ဖြူတော်)ကိုလည်း ငါကဲ့သို့ပင် အမှတ်တရဆင်ရုပ်တို့ဖြင့် လှူဒါန်းပူဇော်အမျှပေးဝေကြစေရန်   အဓိဌာန်ထားတော်မူခဲ့ရာ သီတင်းကျွတ် လပြည့်နေ့၌ဆွမ်းတော်ကြီးကပ်ပွဲနှင့်အတူ ဆင်လှူပွဲတော် ကျင်းပရခြင်းဖြစ်လေသည်။ ဆင်ပွဲတော်ကိုအနော်ရထာမင်း လက်ထက်မှစ၍ယနေ့တိုင်အောင်နှစ်ပေါင်း (၉၀၀)ကျော် ရိုးရာမပျက်ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့ဆင်လှူပွဲကို နှစ်စဉ်ရိုးရာအစဉ်အလာမပျက် ရိုးရာပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့၌ ဆင်ကပွဲနှင့်အတူ ဆင်အကအလှပြိုင်ပွဲကျင်းပပြီး (၁၅)ရက်နေ့၌ ဆင်လှူပွဲတော်ကြီး ကျင်းပလျက်ရှိသည်။ ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို သီတင်းကျွတ်လဆန်း(၁၄)ရက်နံနက် (၈)နာရီတွင် ကျင်းပရာ ပြိုင်ပွဲဝင်ဆင်တိုင်းတက်ရောက်ကြရသည်။ ထိုနောက် မြို့မဈေးကြီးကို သုံးပတ်ပတ်၍ ဆင်ပွဲတော်လာပရိသတ် များနှင့် ဈေးပတ်ပတ်လည်ရှိ သောအမှတ်ပေးဒိုင်သုံးဒိုင်တို့တွင် ပြိုင်ပွဲဝင်ရောက်ကြရသည်။   

ယခင်ကရိုးရာဆင်အကတစ်မျိုးသာယှဉ်ပြိုင်ကြရပြီး ယခုနှစ်တွင် ရိုးရာဆင်(လူကြီး)(၆)စီး ၊ရိုးရာဆင် (ကလေး)(၄)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ ဘော်ကြယ်ဆင်(၅)စီး၊ စုစုပေါင်းဆင်(၁၇)စီး ပါဝင် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ဆင်အကအလှပြိုင်ပွဲဝင်ရောက်ရာတွင် ရိုးရာမပျက်အစဉ်အလာအတိုင်း ဘုရားကန်တော့ခန်း၊ ဆင်ဖမ်း၊ အယိုင်ကစသည်ဖြင့် စည်းဝါးကျကျကပြပြိုင်ပွဲဝင်ပြီးမှ မိမိတို့ကြိုက်နှစ် သက်ရာ ပြိုင်ပွဲဝင်သီချင်းများဖြင့် ကပြကြရသည်။ ဆင်အဖွဲ့များကလည်းအဖွဲ့အလိုက် သူ့ထက်ငါ အပြိုင်ကျဲကြသဖြင့် ရိုးရာအစဉ်အလာမပျက်နွှဲလို့ပျော်၊ ပျော်ရွှင်စရာမြို့ရွှေဆည်ရဲ့ဆင်အလှူပွဲတော်ကြီး အဖြစ် ကျောက်ဆည်သူ၊ကျောက်ဆည်သားများအဖို့ ဆင်ပွဲတော် လာပရိသတ်များဖြင့်  စည်ကားလှပေသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီးပွဲများ၊ ဆီမီးဖယောင်းတိုင်များ၊ ရွှေသင်္ကန်း၊ ရွှေဆင်ရုပ်၊ ငွေဆင်ရုပ်များဖြင့် ရွှေသာလျောင်းတောင်ထိပ်သို့တက်၍ ရွှေသာလျောင်းစေတီကိုလင်္ကျာရစ် သုံးပတ်ပတ်ပြီး လှူဒါန်းကာ အနော်ရထာမင်းကြီးနှင့်တကွ ဆင်မယဉ်သာ(ဆင်ဖြူ)ကိုပါရည်မှန်း၍ အမျှအတန်းပေးဝေကြသည်။ ကျောက်ဆည်နယ်သူ၊ နယ်သားသည်အနော်ရထာမင်းကြီး၏ကျေးဇူးကို စောင့်သိသောအားဖြင့် ရွှေဆင်ရုပ်၊ ငွေဆင်ရုပ် များလှူဒါန်းပါက သီးနှံများအောင်မြင်ဖြစ်ထွန်းသည်ဟု ယုံကြည်လျက်ရှိကြသည်။

ယခုနှစ်ရိုးရာဆင်အကအလှပြိုင်ပွဲကို အမှတ်ပေးဒိုင်များ စနစ်တကျရွေးချယ်ပြီး ပြိုင်ပွဲဝင်ဆင်အဖွဲ့များ က တေးသီချင်းစာသားတွင် ဆင်လှူပွဲတော်နှင့်ဆက်စပ်၍ ဒေသဂုဏ်၊ ဇာတိဂုဏ်ဖော်ညွှန်းနိုင်မှု၊ အဆိုတွင်မြန်မာသံ၊ မြန်မာဟန်ရှိရေး၊ အတီးတွင် မြန်မာ့တူရိယာအလေးထားမှု၊ ဆင်အဖွဲ့၏ စည်းလုံးညီညွတ်မှု၊ စည်းကမ်းကိုလေးစား လိုက်နာမှု၊ ဆင်အလှတွင်ရိုးရာခြယ်သမှု အသွင်သဏ္ဍန်ရှိမှု၊ ဆင်အကတွင် ရတနာသုံးပါးကန်တော့ခန်း၊ နတ်ပင့်၊ ဆင်ဖမ်းအက၊ အရိုင်အကစသည့် အခြေခံမှုများ သတ်မှတ်၍ စနစ်တကျရွေးခြယ်ကာ ရိုးရာဆင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု(၁)၊ နှစ်သိမ့်ဆု(၂)၊ ကလေးဆင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု၊ တီထွင်ဆန်းသစ်မှု  ဆင်ပထမဆု၊  ဒုတိယဆု၊ သက်ကြီးဆင်(၂)စီးအတွက် ဇွဲဆု၊ မြို့မဆင်ဖြူတော်နှင့် မာဃဆင်ဖြူတော်များအား ဂုဏ်ပြု ဆုများနှင့် မြို့မဈေးကြီးအား (၃)ပတ်လှည့်လည်သည့် ဈေးပတ်ဆင်(၇၇)စီးအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ကျောက်ဆည်မြို့ဆင်လှူပွဲတော်ကို နှစ်စဉ်ရိုးရာစဉ်လာမပျက်ဒေသရဲ့ ရိုးရာပွဲတော်အဖြစ် ကျင်းပခဲ့သည်မှာယခုနှစ်တွင် ဆင်အက အလှပြိုင်ပွဲတွင်ဆင်(၁၇)စီး၊ ဂုဏ်ပြုဆင်(၂)စီး၊ သက်ကြီးဆင်(၂)စီး၊ ဧည့်ခံဆင်(၃)စီး၊ မြို့မဈေးကြီး(၃)ပတ် လှည့်လည်ပါဝင်ဆင်နွှဲမည့် ဆင်(၇၇)စီးစုစုပေါင်းဆင် (၁၀၁)စီးတို့ ပါဝင်ဆင်နွှဲမည်ဖြစ်ရာ ရှေးရိုးရာအစဉ်အလာမပျက်နှစ်စဉ်ကျင်းပခဲ့သော ပွဲတော်ကြီးဖြစ်ပြီး မြန်မာတွင်သာမက ကမ္ဘာ့ကပါလူသိများကျော်ကလှသော ဆင်လှူပွဲတော်သို့ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြရန် ကျောက်ဆည်နယ်သူ၊ ကျောက်ဆည်နယ်သားများက လှိုက်လှဲပျူငှာစွာဖိတ်ခေါ်လိုက်ပါတယ်။

တင်တင်ထွေး(ပြန်/ဆက်)