ဟိုပန် အောက်တိုဘာ ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ဖြိုးဖြိုးသက်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန် က ဟိုပန် မြို့နယ် ဆီပါကျိုင်းကျေးရွာ၊ မုန်းကွန်ကျေးရွာ၊ နောင်မိုကျေးရွာ၊ ကောင်းဟုန်းရပ်ကွက်၊ ပန်လုံလမ်းရပ်ကွက်တို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး ငယ်များ အား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)အရ ကွင်းဆင်းစာရင်း ကောက်ယူခြင်း နှင့် အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။
မြို့နယ်ဦးစီးမှူး က MCCT အစီအစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် စာရင်းတို့ကို ကောက်ယူခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိရန် အောက်တိုဘာ (၁၆)ရက်နေ့မှစတင်ကာ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စုစာရေးများထံတွင် လည်းကောင်း၊ ဟိုပန်မြို့နယ် လူမှုဝန်ထမ်းရုံးတွင်လည်းကောင်း စာရင်းပေးသွင်းနိုင်သည်။
စာရင်းပေးသွင်းရာတွင် ကိုယ်ဝန်ဆောင်ဖြစ်ပါက ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှတ်တမ်းနှင့် ကိုယ်ဝန်ဆောင်၏ မှတ်ပုံတင်၊ ကလေးဖြစ်ပါက ကလေးမွေးစာရင်း (သို့မဟုတ်) ကာကွယ် ဆေးထိုး မှတ်တမ်းနှင့်ကလေးမိခင်၏ မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီး သတ်မှတ် အချက်အလက်များ ပြည့်စုံပါက တစ်လလျှင် (၁၅၀၀၀/)ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် (၄၅၀၀၀/) ကျပ် ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)