နွားထိုးကြီးမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး

နွားထိုးကြီး အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၉နှစ်မှ ၁၀နှစ်အထိ အ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် အသက်၉နှစ်မှ ၁၀နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေး နိုင်ခြင်း၊ (HPV) ကာကွယ်ဆေးက ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဆေးတစ်မျိုးဖြစ်ကြောင်း၊ (HPV) ပိုးကြောင့် ဖြစ်တက်တဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ မျိုးပွားလမ်းကြောင်းမှာ ဖြစ်ပွား တက်တဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာ အားလုံး နီးပါးဟာ (HPV) ပိုးကြောင့်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

နွားထိုးကြီးမြို့နယ်အနေဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည့် မိန်းကလေးငယ် ဦးရေ (၁၅၈၄) ဦးရှိပြီး အဆိုပါ ကာကွယ်ဆေးကို လစဉ်ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံ ပေးမည်ဖြစ်သည်။ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို တစ်နှစ်ခြား (၂)ကြိမ် ထိုးရမှာဖြစ်ပြီး မြို့ပေါ် ၈ ရပ်ကွက်အနေဖြင့် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦစီးဌာနမှ သိရသည်။

နိုင်လင်း(ပြန်/ဆက်)