ရသေ့တောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်

ရသေ့တောင် အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌  မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နေ့လယ်(၁)အချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့ နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့က မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတိပေးချက် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီအချိန်ထုတ်ပြန်ချက် (က) ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဟမွန်း” (HAMOON) အခြေအနေ(၁) ယနေ့မြန်မာစံတော်ချိန် (၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဟမွန်း” (HAMOON) သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ သံတွဲမြို့(Thandwe)၏ အနောက် - အနောက်မြောက်ဘက် ရေမိုင် (၃၅၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၂၇၅)မိုင်ခန့်၊ မောင်တောမြို့(Maungdaw) ၏ အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့ (Paradip) ၏ အရှေ့တောင်ဘက် ရေမိုင် (၁၁၀)မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ တောင်-အနောက် တောင်ဘက်ရေမိုင် (၂၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ‌ကြောင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရသေ့တောင် မြို့နယ်တွင်  မုန်တိုင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာရာ လမ်းများ၊ ဘုတ်ဆိပ်၊ ‌သင်္ဘောဆိပ်နှင့် လမ်းဆုံ/လမ်းခွများသို့ သွားရောက်ပြီး အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)