မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရောင်စုံစက္ကူ မီးပုံးပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

မိုင်းငေါ့ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ရုံးခန်း၌  ရောင်စုံစက္ကူမီးပုံးပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ‌ ရောင်စုံစက္ကူ‌မီးပုံးပြုလုပ်နည်းသင်တန်းကို သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူ‌များ အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်ရာ မီးပုံးလေးများပြုလုပ်ခြင်းဖြင့် မကြာမှီ သီးတင်းတင်းကျွတ် မီးထွန်းပွဲတော်ရောက်ရှိတော့မည်ဖြစ်ပါသောကြောင့် မိမိအိမ်တွင် အလှဆင်မီးပုံးလေးများ ချိတ်ဆွဲနိုင်ရန်၊ ဉာဏ်ရည်များထက်မြတ်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပြောကြား ခဲ့သည်။

ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မိုမို့က ရောင်စုံစက္ကူလေးများဖြင့် အချိန်တိုအတွင်းသင်ယူ တတ်မြောက်လွယ်သော ရောင်စုံမီးပုံးလေးများ ပြုလုပ်နည်းများကို သင်ကြားပေးခဲ့ရာ ကျောင်းသူ၊ ကျောင်းသားလေးများမှ စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြကြောင်းနှင့် ၎င်းမီးပုံးလေးများအတွင်း လျှပ်စစ်မီးသီးလေးများ ထွန်းညှိ၍ မီးပုံးလေးများအား အလှဆင်ချိတ်ဆွဲထားနိုင်ကြောင်း၊ သင်တန်းသို့ ကျောင်းသား ၊ ကျောင်းသူ (၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)