ကျောက်တန်း အောက်တိုဘာ ၂၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်မည့် မဲရုံမှူး နှင့် ဒုမဲရုံမှူးများအား အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအား အောက်တိုဘာ ၂၄ ရက်နေ့တွင် အမှတ်(၁)တိုင်းဒေသကြီးမဲဆန္ဒနယ်ရှိ မဲရုံ(၉၆) ရုံမှ သင်တန်း သား၊ သင်တန်းသူ(၁၉၂) အားလည်းကောင်း၊ ၂၅ ရက်နေ့တွင် အမှတ်(၂) တိုင်းဒေသကြီးမဲဆန္ဒနယ်ရှိ မဲရုံ(၉၆) ရုံမှ သင်တန်းသား၊ သင်တန်းသူ(၁၉၂) အားလည်းကောင်း မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၏ လုပ်ငန်းတာဝန်များဖြစ်သည့် မဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဒုတိယမဲရုံမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များ၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာသတိပြုရန် အချက်များ၊မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ်ထုပ်ပိုးခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း စသည့် လုပ်ငန်းလမ်းညွှန်မှုများ အား သင်တန်းနည်းပြဆရာများက (၂)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မဲရုံပေါင်း (၁၉၂)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အရေအတွက်မှာ လက်ရှိအချိန်ထိ ၁၂၉၅၀၆ ဦး ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)