လူနေအိမ်ဝိုင်းမြေလွတ်နေရာများတွင် ဟင်းသီး/ဟင်ရွက်သီးပင်စားပင်များ စိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ်သက်သာ

​ကျောက်ဆည် အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လယ်ယာမြေပိုင်ဆိုသည့် တောင်သူများအနေဖြင့် ဆန်စပါးနှင့် ငရုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ငှက်ပျော၊ သက်ရက် စသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် လယ်ယာမြေပိုင်ဆိုင်မှုမရှိသည့် ပြည်သူများအနေဖြင့် စားဖိုဆောင်ကုန်ကျမှုစရိတ် သက်သာစေရန်အတွက် လူနေအိမ်ဝိုင်း၏ မြေလွတ်နေရာများတွင် ဟင်းသီး/ဟင်းရွက်၊ သီးပင်စားပင်များစိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ် သက်သာလျက်ရှိကြောင်း သိရသည်။

နေအိမ်ဝိုင်းကျယ်ပြီး မြေလွတ်တွေရှိသည့်အတွက်  ဗူး၊ ကြက်ဟင်းခါး၊ ခဝဲ၊ ကျောက်ဖရုံ၊ ဆလပ်၊ ရုံးပတီ၊ ခရမ်း၊ ဒန့်သလွန်၊ ကြောင်လျှာ၊ ကန်စွန်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးထားကြောင်း၊ ကိုယ်တိုင်စိုက်ပျိုးပြီး သဘာဝမြေဩဇာများ အသုံးပြုသည့်အတွက် ဓာတုဓာတ်ကြွင်းကင်းလွတ်ပြီး ချက်ပြုတ်စားသောက်ရာတွင် ကျန်းမာရေးနှင့်ညီညွှတ်ပြီး မီးဖိုဆောင်စရိတ်များစွာသက်သာသည့်အပြင် ပိုလျှံသည့် အသီးအနှံများကိုလည်း ပြန်လည်ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိကြောင်း ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် သင်ပျိုးကျေးရွာမှမရွှေမြင့်က ပြောပြသည်။

သက်မောင်