ကျောက်ဆည် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဆင်အစီးရေ(၁၀၁)စီးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်အကအလှပြိုင်ပွဲကို ရိုးရာမပြတ် ပြည်သူများ ပျော်ရွှင်ပြီးစည်ကားသိုက်မြိုက်စေရန်အတွက် ဧည့်ခံဖျော်ဖြေရေးအပိုင်းနှင့်ပြိုင်ပွဲဝင်ကပြဖျော်ဖြေရေးဟူ၍ အပိုင်း(၂)ပိုင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အဖြင့် ဈေးပတ်ဆင်(၇၇)စီးမှ မြို့မဈေးကြီးအားပတ်၍ လှည့်လည်ကပြဖျော်ဖြေ သွားမည့်အပြင် ဘော်ကြယ်များနှင့်အလှဆင်ထားသည့် ကေသီဦး၊ ရတနာဦး၊ ဒွေး စသည့် ဘော်ကြယ်ဆင် (၃)စီးမှ ခေတ်ပေါ်တေးသီချင်းများသီဆို၍သံစုံတီဝိုင်းများနှင့် မြို့တွင်းလမ်းများအနှံ့ လှည့်လည်ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်းနှင့် ဆင်အကအလှပြိုင်ပွဲများကို ဈေးတန်းရပ် ရွှေသာလျောင်းတော်ခြေရှိ ဆင်အကအလှ ပြိုင်ကွင်းတွင်ဆောက်လုပ်ထားသော ဗဟိုမဏ္ဍပ်အမှတ်ပေးဒိုင်(၁)၊ ရန်ကုန်-မန္တလေးကားလမ်းနှင့် တံတားဦးလမ်းဆုံတွင်ဆောက်လုပ်ထားသော အမှတ်ပေး ဒိုင်(၂)၊ စုကြီးရပ်၊လေးမျက်နှာဘုရားဝန်းတွင် ဆောက်လုပ် ထားသောအမှတ်ပေးဒိုင်(၃)တို့တွင် အလှည့်ကျကပြယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ရိုးရာ(လူကြီး)ဆင် (၆)စီး၊ ရိုးရာ(ကလေး)ဆင်(၄)စီး၊ တီထွင်ဆန်းသစ်မှု (သဘာဝအတိုင်းပြုလုပ်ထားသည့်)ဆင်(၂)စီး၊ ဘော်ကြယ်ဆင်(၅)စီး၊ သက်ကြီးဆင် (၂)စီး၊ ဂုဏ်ပြုဆင်(၂)စီးတို့မှ အလှည့်ကျ ကပြယှဉ်ပြိုင်သွားဖြစ်ကြောင်း သိရသည်။
ဆင်အကအလှပြိုင်ပွဲတွင် ပါဝင်ယှဉ်ခဲ့သောဆင်များအား ဆုများထိုက်တန်စွာ ချီးမြှင့်နိုင်ရေး ဒိုင်အဖွဲ့များက ဆင်အကအလှအပိုင်းတွင် ဦးခေါင်း၊ ကိုယ်၊ လက်၊ ခြေ၊ အချိုးအဆစ်ပြေပစ်မှုနှင့် ခိုင်ခံ့ သပ်ရပ်မှု၊ အဆင်တန်ဆာ ပြည့်စုံလှပမှုနှင့် ရိုးရာအသွင်သဏ္ဍန်ပေါ်လွင်မှု၊ ရတနာ(၃)ပါးကန်တော့ခန်းနှင့် နတ်ပင့် (စာတော်တိုက်)၊ ဆင်ဖမ်းအက၊ ရိုးရာအက၊ စိတ်ကြိုက်ခေတ်ခန်းအကနှင့် ဆင်ဦးစီး သရုပ် ဆောင်ပိုင်နိုင်မှုများ၊ သီချင်းသီဆိုမှုအပိုင်းတွင် တေးသွားသည်မြန်မာဆန်၍ သံစဉ်ဆန်းသစ်လှပမှု၊ စာသားသည် ဒေသဂုဏ်၊ ဇာတိဂုဏ်နှင့်ဆင်လှူပွဲတော်အားဖော်ညွှန်းနိုင်မှု၊ ပင်ကိုယ်အသံကောင်းမွန်၍ ရှင်းလင်းပြတ်သားမှု၊ တီးလုံးတီးကွက်နှင့် လိုက်လျော ညီထွေ၍ နားဆင်သူသို့စွဲမတ်စေနိုင်မှု၊ အဆိုစနစ် ကျမှုနှင့် အလွတ်သီဆိုနိုင်မှုများ၊ အတီအးမှုတ် အပိုင်းတွင် အတီးသံစဉ်များမှန်ကန်ညီညွတ်ခြင်း၊ တူရိယာတစ်ခုခြင်းအလိုက်တစ်ဦးချင်းမှ သေသပ်စွာတီးမှုတ် နိုင်ခြင်း၊ တီလုံးတီးကွက်ဆန်းသစ်တီထွင်မှု၊ အတီးပိုင်းတစ်ခုလုံး အပေးအယူမျှ၍ ညီညွှတ်စွာပေါင်းစပ်တီးမှုတ်နိုင်မှုများနှင့် တူညီဝတ်စုံ ဝတ်ဆင်ခြင်း၊ ပြိုင်ပွဲစင်မြင့်သို့ အတက်အဆင်း ပုံစံကျမှု၊ စည်းလုံးညီညွှတ်၍ မြိုင်ဆင်တက်ကြွမှု၊ ပြိုင်ပွဲသတ်မှတ်ချိန်တွင် ရောက်ရှိခြင်းနှင့် ဒိုင်လူကြီးများအား လေးစားမှု စသည့် အချက်များအား စီစစ်ပြီး အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ဆုရရှိသွားသည့် ဆင်အဖွဲ့များအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်
သက်မောင်