လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

လူငယ်များအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် အိမ်တွင်းအသေးစား တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကြောင်းပညာရေးဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တို့ ဆက်စပ်မှုပိုမိုအားကောင်းနိုင်စေရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများမှ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်း၏ (၉၉)ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းအများစုပေါ်တွင်  ရပ်တည်နေလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်  လူငယ်ဆိုင်ရာကဏ္ဍများ ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေးဦးတည်ချက် တစ်ခုဖြစ်သည့် “တစ်နိုင်ငံလုံး အသိပညာအတတ်ပညာတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ကုန်ထုတ်လုပ်မှုကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြင့်တင်ဆောင်ရွက်ရေး” ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် လူများနေ့စဉ် အသုံးပြုလျက်ရှိပြီး လူသုံးများသည့် ပစ္စည်များဖြစ်သော ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Hand Gel၊ ဆပ်ပြာတုံး၊ ဆပ်ပြာရည်ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အရည်အသွေးကောင်းမွန်သော လူသုံးကုန်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချနိုင်ပြီး အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မိမိတို့ လက်တွေ့လုပ်ငန်းနယ်ပယ်များတွင် ပြန်လည်အသုံးချလုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းများသာမက စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းများဖွင့်လှစ်ခြင်းအပြင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပုံမှန်ပညာရေးမသင်ယူနိုင်သည့် ထိခိုက်လွယ်အုပ်စုများတွင် ပါဝင်သူ အသက်(၁၅)နှစ်မှ (၃၅)နှစ်ကြား သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လူငယ်များကိုလည်း အသက်မွေးဝမ်းကျောင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝ တိုးတက်အောင်ကြိုးစားပြီး ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို ဖန်တီးရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှု လေ့လာခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)မှ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ များတက်ရောက်ခဲ့ကြသည်။

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၂၃) ကို အောက်တိုဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ သင်တန်းသား/သင်တန်းသူ (၃၀)ဦးအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းကေခိုင်မြတ်ထွန်းက သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)