လယ်ဝေးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ထည့်သွင်းခြင်းဆောင်ရွက်

လယ်ဝေး အောက်တိုဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် (၁၁)နာရီ က ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ် ထည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေးကြိုးဖြင့် တပ်ဆင် ချိတ်ပိတ် ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကိုယ်တိုင် ကြိုတင်ဆန္ဒမဲပုံး တွင်တပ်ဆင်မည့် လုံခြုံရေးကြိုးနံပါတ် မှတ်သားခြင်း၊ လုံခြုံရေးကြိုးများအား ကိုယ်တိုင်ချိတ်ပိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ယနေ့ရောက်ရှိလာသည့် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ် (၇၆)စောင်အား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကိုယ်တိုင် ဖွင့်ဖောက်၍ ကြိုတင်ဆန္ဒမဲပုံးတွင် ထည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ လယ်ဝေးမြို့နယ်အတွင်း မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၁၄၀၀)ခန့်ရှိရာ ယနေ့တွင်ရောက်ရှိသည့် ကြိုတင်မဲ (၇၆)မဲ ထည့်သွင်းခဲ့ကြောင်း သိရသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)