သုံးခွ အောက်တိုဘာ ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန့်ပွားမှုမှ ထိန်းချုပ် နိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ရောဂါပိုးရှိ၊ မရှိစစ်ဆေး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ယနေ့ထိ ၁၃၇ ဦးရှိခဲ့ပြီဖြစ်ရာ အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်မှ ရောဂါပိုးအများဆုံး တွေ့ရှိမှုတို့ကြောင့် ယင်းရပ်ကွက် အတွင်း၌ နေထိုင်ကြသော ပြည်သူများ ဖြစ်ပွားမှုမှ ကာကွယ်နိုင် ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဇော်ဝင်းသန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်းများ၊ ရောဂါလက္ခဏာရှိ/မရှိ စစ်ဆေးခြင်းများအပြင် ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် Quarantine Centre များအဖြစ် အမှတ် ၅ ရပ်ကွက် မဟာစည်သာသနာ့ရိပ်သာတွင်(၄၅)ဦး၊ အမှတ် ၂ ရပ်ကွက် အ.ထ.က(၁)ကျောင်းတွင်(၃၅)ဦး၊ အနံ့ပျောက်လူနာ များ ထားရှိသည့် အ.လ.က (၁)ကျောင်းတွင် (၂)ဦးရှိပြီး ယနေ့အထိ စုစုပေါင်း စောင့်ကြည့်လူနာ(၈၂)ဦးရှိကြောင်း သိရ သည်။
စည်သူလင်း ပြန်/ဆက်