ဆီဆိုင် အောက်တိုဘာ၂၃
၂၀၂၀-၂၀၂၁ /၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော လွယ်မွန်းရွာ (၂၄)နာရီ လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်ကျေးရွာအုပ်စု၊ လွယ်မွန်းရွာတွင် ကျင်းပသည်။
လျှပ်စစ်မီးဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မြို့အားလုံး မီးလင်းပြီးဖြစ်သည့်အပြင် ကျေးရွာပေါင်း (၁၁၂၅)ရွာတွင် ယနေ့ လွယ်မွန်းရွာ အပါအဝင် (၄၉၂)ရွာအထိ နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ တိုးတက်သုံးစွဲ လာမည့်လျှပ်စစ်ဝန်အားနှင့်ညီမျှသည့် ၃၃ ကေဗွီနှင့်အထက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံကြီး များကို ပြည်ထောင်စုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၁၁ ကေဗွီနှင့်အောက် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို နှစ်အလိုက် စီမံကိန်းများရေးဆွဲ၍ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ကျေးရွာများကိုပါ ရရှိအသုံးပြုလာနိုင်အောင် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်ဒုတိယအင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက လျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြပြီး ဒေသခံ ရပ်မိရပ်ဖ ဦးခွန်သန်းမောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၎င်းနောက် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်ဒုတိယ အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏ၊ ပီအင်န်အိုအဖွဲ့ဒေသခေါင်းဆောင် ဦးခွန်သန်းထူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လျှပ်စစ်မီးမိန်းခလုတ်အား ဖွင့်လှစ်ပေး၍ လွယ်မွန်းကျေးရွာအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)