ညောင်ဦး အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူး လာရောက်ခဲ့ပါက ဆိုရှယ်မီဒီယာပေါ်တွင် နာမည်ကြီးနေသည့် နတ်ထောင့်ကျောင်းအနီး ဧရာဝတီ မြစ်ကမ်းဘေးတွင်တည်ရှိသည့် ရွှေကွန်ခြာဂူဘုရားအား ဖူးမြှော်နိုင်ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေကွန်ခြာဘုရားသည် တောင်ဘီကျေးရွာရှိ နတ်ထောင့်ကျောင်းအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည့် လေးမျက်နှာဂူဘုရားတစ်ဆူဖြစ်ကြောင်း၊ ညောင်ဦးဘက်မှ ပုဂံမြို့ဟောင်းသွားကာ လမ်းအတိုင်းလာနိုင်သလို၊ ဘုရားနီလမ်းဆုံမှ အနော်ရထာနှစ်လမ်းသွား ကားလမ်းမအတိုင်း အာနန္ဒာဘုရားကြီး အနောက်ဘက်ကွင်းပြင်မှ သရပါတံခါးအရှေ့ဘက်အခြေမှ မြောက်ဘက်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ရွှေကွန်ခြာဂူဘုရားသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်လှည့် မုခ်လေး မုခ်ပါဂူဘုရားဖြစ်ကာ မုခ်တစ်ခုစီတွင် ပလ္လင်တော်ပေါ်၌ ထိုင်တော်မူ ဆင်းတုတော်တစ်ဆူစီ တည်ထားပူဇော်ထားသည်ကို လေ့လာတွေ့ရှိ ဖူးမြှော်နိုင်သည်။ ရွှေကွန်ခြားဂူဘုရားသည် ပုဂံမြို့သူ ဇာတ်လမ်းတွဲကြည့်ရှုသူများရာမှ ဧရာဝတီမြစ်ကမ်းရှုခင်းအလှများဖြင့် ဓာတ်ပုံ၊ ဗွီဒီယိုလာရောက် ရိုက်ကူးသူများလာခဲ့ကြောင်း၊ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများသည်လည်း အလှဓာတ်ပုံ လာရောက်ရိုက်ကူးသူ၊ ဘုရားလာရောက်ဖူးမြှော်သူများဖြင့် ရွှေကွန်ခြာဘုရားသို့ လာရောက်လည်ပတ်သူ များပြားလျက်ရှိကာ ရွှေကွန်ခြာဂူဘုရားတွင် ရောင်းချနေသည့်ဈေးသည်များ၊ လက်အလှပန်းချီရေးဆွဲသူများ၊ ဓာတ်ပုံအလှပုံရိုက်ပေးနေသူများ၊ သစ်ရွက်ပုံသနပ်ခါးလိမ်ခြယ်ပေးသူများ နေ့စဉ်လုပ်ကိုင်နေရကာ မိသားစုစားဝတ်နေရေးအတွက် တဘက်တလမ်းမှ အဆင်ပြေနေကြကြောင်းလည်း သိရသည်။
ဒီပါလင်း