ကွန်ဟိန်း အောက်တိုဘာ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ကွန်ဟိန်း)၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီခန့်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာရပ် သင်တန်းများကို နယ်စပ်ဒေသများမှာ ဦးစားပေးကာ သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါကြောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရာမှာ “နိုင်တော်အကြီးအကဲများက ကောင်းမွန်တဲ့ ရည်ရွယ်ချက်(၅)ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ဖို့ လူသားအရင်းအမြစ် (Human Resources)က အဓိကအဖြစ် လက်ခံထားတာကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ဆိုတာ အသိပညာ၊ အတတ်ပညာပေါ် အဓိကမူတည် တည်ဆောက်ထားကြခြင်း ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မူဝါဒ(၄)ရပ်ကို ချမှတ်ထားပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း မိမိတို့အနေနဲ့လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းခံပြီး မိမိတို့ရဲ့နိုင်ငံ၊ မိမိတို့ရဲ့ တိုင်း/ပြည်နယ်၊ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မိမိတို့ကိုယ်တိုင် လုပ်ဆောင်သွားရမှာ ဖြစ်ပြီး ဒေသမှာရှိတဲ့ တာဝန်ရှိသူများကလည်း ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း” ပြောကြားပြီး အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်ဆုမြတ်ထွေးမှ သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များ၊ သင်ကြားမည့် သင်ခန်းစာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ခင်းကျင်းပြသထားသည့် ယခင်သင်တန်းသူများ၏ ခေတ်မီ ဒီဇိုင်းလက်ရာများနှင့် Handmade ပစ္စည်းများအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းကျောင်းရှိ သင်တန်းသူ အိပ်ဆောင်၊ စားရိပ်သာဆောင်နှင့် မော်တာစက်ဆောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် စက်ချုပ်ဘာသာရပ်၊ လက်မှုဘာသာရပ်၊ ဟင်းလျာချက်ပြုတ်/ မုန့်လုပ်နည်း ဘာသာရပ်များကို သင်တန်းနည်းပြ (၇)ဦးဖြင့် သင်တန်းသူ (၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၂၃)ရက်နေ့မှ မတ်လ(၂၂) ရက်နေ့အထိ (၂၂) ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ပြန်/ဆက်