တာမွေ အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ၂၀၂၃ ခုနှစ်၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၇) ရက်နေ့မှ အောက်တိုဘာလ(၃၀)ရက်နေ့အထိ နံနက်(၈)နာရီမှ ည(၁၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါစျေးရောင်းပွဲတော်သို့ လာရောက်လည်ပတ်သူပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စေရေးအတွက် မြို့တွင်းခရီးစဉ်ပြေးဆွဲပေးနေသည့် YBS ခရီးသည်တင်ယာဉ်များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။
ထိုကဲ့သို့ ပြေးဆွဲပေးရာတွင် ပွဲတော်သို့ အင်းစိန်မြို့နယ်မှ လာရောက်ကြသူပြည်သူများအား Power Eleven public Co.,Ltd မှ YBS- ၂၁ ဖြင့် လသာလမ်း(လသာ) - ပြည်သူ့ရင်ပြင် - အင်းစိန် - ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)ထိလည်းကောင်း၊ လှိုင်သာယာမြို့နယ်မှ လာရောက်ကြသူပြည်သူများအား ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီမှ YBS-(၆၁)ဖြင့် ဆူးလေ - ပြည်သူ့ရင်ပြင် - ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်(လှိုင်သာယာ)ထိလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်မှ လာရောက်ကြသူပြည်သူများအား YBPC Co.,Ltdမှ YBS-၃၇ ဖြင့် ရန်ကုန် (ခြောက်ထပ်ရုံး) - ပြည်သူ့ရင်ပြင် - ထောက်ကြန့်ထိလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ လာရောက်ကြသူ ပြည်သူများအား YUPT Public Co.,Ltd မှ YBS-၁၁၆ ဖြင့် ဆူးလေ - ပြည်သူ့ရင်ပြင် - မြောက်ဥက္ကလာ -ထောက်ကြန့်ထိလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ လာရောက်ကြသူပြည်သူများအား YBPC Co.,Ltdမှ YBS-၆၂ ဖြင့် ကြည့်မြင်တိုင်(ပန်းပင်ကြီးလမ်း) - ပြည်သူ့ရင်ပြင်-ဒဂုံတက္ကသိုလ်ထိလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ လာရောက်ကြသူပြည်သူများအား YUPT Public Co.,Ltd မှ YBS- ၇ ဖြင့် ဆူးလေ(မြို့တော်ခန်းမ) - ပြည်သူ့ရင်ပြင် - အမှတ်(၂)လမ်း (တောင်ဒဂုံ)ထိလည်းကောင်း၊ သာကေတမြို့နယ်မှ လာရောက်ကြသူ ပြည်သူများအား YUPT Public Co.,Ltd မှ YBS- ၄ ဖြင့် ဆူးလေ(မြို့တော်ခန်းမ) - ပြည်သူ့ရင်ပြင် - သာကေတ - ယုဇနဥယျာဉ်မြို့တော် (ဒဂုံဆိပ်ကမ်း)ထိလည်းကောင်း သတ်မှတ်ယာဉ်စီးခနှုန်းထားအတိုင်းကောက်ခံကာ ည(၉)နာရီခွဲအချိန်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကာလအတွင်း ယာဉ်အစီးရေများ ထပ်မံလိုအပ်လာပါကလည်း ယာဉ်အစီးရေများ ထပ်မံဖြည့်တင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၃ ခုနှစ်၊ စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော်ကြီးတွင် ဆိုင်ခန်းပေါင်း(၅၀၀)ခန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းများ၊ MSME လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များနှင့် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ DJ၊ Dancer များ၏ ဖျော်ဖြေမှုများကို အားပါးတရ ကြည့်ရှုခံစားနိုင်မည့်အပြင် ပွဲတော်တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားကုန်များကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် သီတင်းကျွတ်လပြည့်နေ့နှင့် အဖိတ်နေ့များတွင်လည်း မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်ပါသဖြင့် ပြည်သူများအနေဖြင့် မည်သူမဆိုလွတ်လပ်ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)