ပေါင်မြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းပြုလုပ်

ပေါင် အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၈း၃၀)က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုကန်တော့ပြီး အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက်မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တဏစန္ဒောဘာသ ဘုရားကြီးတိုက်ကျောင်း  ဆရာတော်ထံမှ ပရိသတ်များကငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ဆရာတော်သံဃာတော် အရှင်မြတ်များ ရွတ်ဖတ်အပ်သော   မေတ္တသုတ်ပရိတ်တရားတော်မြတ်ကို နာယူခဲ့ကြသည်။

ဆက်လက်၍ သာသနာရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထင်လင်းအောင်မှ ရှင်းလင်းတင်ပြလျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဘဒ္ဒန္တဏစန္ဒောဘာသ ဘုရားကြီးတိုက်ကျောင်းဆရာတော်မှ တရားအနုမောဒနာ နာကြား၍ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ပေါင်မြို့နယ်အတွင်းရှိ  ဂုဏ်းပေါင်းစုံ(၃၃၁)ကျောင်းမှ ဝါဆို၊ဝါကပ်တော်မူကြသော ရဟန်း(၂၂၁၀)ပါး၊ သာမဏေ (၁၀၆၄)ပါး၊ ပေါင်း(၃၂၇၄)ပါးနှင့်သီလရှင်ပေါင်း (၂၇)ကျောင်းမှသီလရှင်(၂၃၇)ပါးအတွက် ဆွမ်း၊ ကွမ်းဝေယျာဝစ္စ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများအား ဆရာဒကာစီမံချက်နှင့်အညီ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)