ပေါင် အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာဦးဝင်းအောင်ရေးသားသည့် “ကိုယ်သာလျှင်ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင်ဦးအောင်မြင့်က ပြီးမြောက်အောင်မြင်မှု အနုပညာအကြောင်းကိုလည်းကောင်း၊ (Youth Club) အဖွဲ့ဝင်မင်းရန်အောင်က စွန့်စားမှုအနုပညာ အကြောင်းကိုလည်းကောင်း၊ (Youth Club) အဖွဲ့ဝင်မင်းကျော်လင်းဦးက ဖြစ်တည်မှုအနုပညာကိုလည်းကောင်း စသည့်ခေါင်းစဉ်တို့ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသူများက သိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)